Kayan Literature committee

လထာရိုးရာဝတ်စုံ

ကယန်းတို့ ဝတ်ဆင်လျှက်ရှိသော ဝတ်စုံသည် မျိုးနွယ်စုအလိုက်ကွာခြားသည်။ အထူးသဖြင့် ကယန်းလထာဝတ်စုံမှာ အခြားသော မျိုးနွယ်စု (၃)တို့၏ ဝတ်စုံနှင့် အလွန်ကွာခြားသည်။ လထာအမျိုးသမီးတို့ ဝတ်ဆင်သော အင်္ကျီမှာ ကရင်ဝတ်စုံနှင့် အနည်းငယ် ဆင်တူသည်။ ကယန်းလထာတို့သည် ဝါပင်များကို စိုက်ပျိုးပြီး ရရှိလာသော ဝါများကို ချည်မျှင် အဖြစ်ဖန်တီးကာ အဝတ်အစားများကို လက်ဖြင့် ယက်လုပ်ကြသည်။ ကယန်းလထာရိုးရာဝတ်စုံကို အနီရောင်နှင့် အဖြူရောင်ချည်များဖြင့် ယက်လုပ်ရသည်။ အမျိုးသားများမှာ အဖြူရောင် ရှပ်အင်္ကျီနှင့် ဘောင်းဘီ အတိုကို ဝတ်ဆင်ကြသည်။ အမျိုးသမီးများမှာ အဖြူရောင် အင်္ကျီပေါ်တွင် အနီရောင်အစင်းကြောင်းဖြင့် ယက်လုပ် ဖန်တီးထားသည်။ အမျိုးသမီး ဝတ်ဆင်သော လုံချည်မှာ ဒူးအောင်အထိသာရှိပြီး မြန်မာအမျိုးသမီးများဝတ်ဆင်သော လုံချည်ကဲ့သို့ ဝတ်ဆင်ရသည်။ အင်္ကျီနှင့် လုံချည်များပေါ်တွင် အနီရောင်ပန်းပွင့်များ ဖေါ်ထားသည်။

ယခုခေတ်တွင်မူ မိမိတို့၏ ရိုးရာ ဝတ်စုံများကို ကိုယ်တိုင်မယက်လုပ်ကြတော့ပါ။ အများအားဖြင့် မြန်မာဝတ်စုံများကိုသာ ဝတ်ဆင်ကြတော့သည်။ ရိုးရာဝတ်စုံများကိုမူ ပွဲလမ်းသဘင်များတွင်သာ ဝတ်ဆင်ကြတော့သည်။

ကယန်းလထာအမျိုးသမီးများသည် အသက် ၁၀နှစ် အရွယ်မှစကာ ဆံပင်အရှည်ထားကြသည်။ ထိုဆံပင် အရှည်ကို ဦးခေါင်းထိပ်တွင် ထုံးထားသည်။ ဦးခေါင်းပေါ်တွင် အနီရောင် အပွင့်ဖေါ်ထားသော အဖြူရောင်ပုဝါကို ဆောင်းထားသည်။ ငွေဖြင့် ပြုလုပ်ထားသော နားကပ် အဝိုင်း၊ အကြီးကိုလဲ ပန်ဆင်ကြသည်။ အဖြူရောင် အသီးလေးများဖြင့် ပြုလုပ်ထားသော ဆွဲကြိုးအရှည်ကို လည်ပင်းတွင် ဆွဲယုံသာမက ​ြေခသလုံးအထက်တွင်လည်း အလှအဖြင့် တန်ဆာဆင်ထားသည်။

ကယန်းလထာတို့ ဝတ်ဆင်သော အဆင်တန်ဆာများတွင် ထူးခြားသော အဓိပ္ပါယ်များရှိသည်။ အမျိုးသားများသည် ဝက်စွယ်ကို ချည်အဖြူဖြင့် လျှိုကာ လည်ပင်းတွင်ဆွဲလေ့ရှိသည်။ ၎င်းသည် အမည်းလိုက်ရာတွင် အန္တရာယ်ဖြင့် ကြုံတွေ့ပါက လက်နက်အဖြင့် အသုံးပြုရန်ဖြစ်သည်။ ခြသလုံးအထက်တွင် အမည်းရောင်ကြိုး ၄ကွင်း သို့မဟုတ် ၅ကွင်းကို ပတ်ထားသည်။ ထိုသို့ပတ်ထားခြင်းမှာ တောင်တက်ရာတွင် ခွန်အားရှိရန်၊ ကြွက် မတက်စေရန် ဖြစ်သည်။